ကလေးကို ဘယ်အရွယ်မှာ ဘာသာစကားတွေ သင်ကြားပေးမလဲ
ကလေးတွေကို လိုအပ်တာတွေ သင်ပေးဖို့ မိဘတွေမှာ တာဝန်အပြည့်ရှိနေပါတယ်။ ကလေးကို ထက်မြက်ချင်တာကလည်း မိဘတိုင်းရဲ့ စိတ်ကူးပါ။ ဒီတော့ ကလေးကို ဘက်စုံ ထူးချွန်စေချင်တယ်ဆိုရင် မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခု ရှိပါသေးတယ်။ ဒါကတော့ ကလေးကို ဘာသာစကားတွေ သင်ကြားပေးဖို့ပါ။
ကလေးကို ဘာသာစကား သင်ကြားပေးပါဆိုလို့ သင်ကြားပေးချင်ပါတယ်။ ဒါပေမယ့် ကလေးကို ဘယ်အရွယ်မှာ ဘာသာစကား သင်ကြားပေးလို့ ရမလဲ မသိဘူးဆိုရင်တော့ အခုစာလေးကို ဆုံးအောင် ဖတ်လိုက်တော့နော်။
ကလေးကို ဘယ်အရွယ်မှာ ဘာသာစကားတွေ သင်ကြားပေးမလဲ?
အသက်အရွယ်ရလာတာနဲ့အမျှ ဦးနှောက်ကလည်း ပြောင်းလဲလာပါတယ်။ ဒီလို ပြောင်းလဲလာတာက ဗဟုသုတတွေကို ရှာမှီးဖို့ လွယ်ကူလာစေပါတယ်။ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ရောပေါ့။
ဒါပေမယ့် ဘာသာစကားကတော့ ငယ်စဉ်အရွယ်မှာ သင်ကြားတာက သင်ယူတတ်မြောက်ဖို့ ပိုမို လွယ်ကူပါတယ်။ ကလေးတစ်ယောက်ကို ဘာသာစကား စွမ်းရည် ကြွယ်ဝစေချင်ရင် ကလေး စကားစပြောတတ်ချိန်မှာကတည်းက စတင် သင်ကြားလေ့ကျင့်ပေးရမှာပါ။ ဒါမှ ကလေးက မိခင် ဘာသာစကားကို ကျွမ်းကျင်သလို အခြား ဘာသာစကားတွေကိုလည်း ကျွမ်းကျင်မှာပါ။
ကလေးကို အခြား ဘာသာစကား တစ်မျိုးကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်စေဖို့ဆိုရင် ကလေးကို အသက် ၆ နှစ် ဒါမှမဟုတ် ၇ နှစ် မတိုင်ခင်မှာ သင်ကြားပေးလို့ ရပါတယ်။
အကောင်းဆုံးကတော့ ကလေးကို ၃ နှစ် ကနေ ၄ နှစ်လောက်ဝန်းကျင်မှာ ဘာသာစကား သင်ကြားပေးခြင်းပါ။ ကလေးက အသက် ၃ နှစ်လောက်မှာ ဘာသာစကား ကို သင်ယူနိုင်ပါ့မလားဆိုတော့ သင်ယူနိုင်ပါတယ်။ ကလေးက ငယ်လေလေ စကားကို အသံနေ အသံထား မှန်မှန်နဲ့ ပြောနိုင်ပြီး ဘာသာစကားကို နားရည်ဝမှာပါ။
ကလေးက ငယ်သေးချိန်မှာ ဘာသာစကား သင်ယူနိုင်စွမ်းက အသက်ကြီးလာချိန်မှာထက် အများကြီး ပိုကောင်းပါတယ်။ မိဘတွေကိုယ်တိုင်ကလည်း ကလေးကို နားရည်ဝအောင် ပြောပေးလို့ ရသလို ကလေးကို ဇာတ်လမ်းတွေ၊ ကာတွန်းကားလေးတွေ ကနေတဆင့်လည်း သင်ပေးလို့ ရပါတယ်။
ယနေ့ခေတ်မှာတော့ လေ့လာတွေ့ရှိချက်တွေအရ ကလေးကို ငယ်စဉ်မှာ ဘာသာစကား သင်ကြားပေးတာက အထူးသဖြင့် မူကြိုအရွယ် ကလေးအသက် ၃ နှစ်မတိုင်ခင်မှာ သင်ကြားပေးတာက ကလေးရဲ့ တတ်မြောက်မှုကို ပိုကောင်းစေတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ ကလေးတစ်ယောက်ရဲ့ ပထမဆုံး ၃ နှစ်တာက ကလေးတစ်ယောက်ရဲ့ သက်တမ်းမှာ အရေးအပါဆုံး ကာလအပိုင်း အခြား ဖြစ်နေတာကြောင့်ပါ။
ကလေးက အသက် ၃ နှစ်မှာ ဘာသာစကား တစ်ခုကို နက်နက်နဲနဲ တွေးခေါ်နိုင်စွမ်း မရှိသေးပေမယ့် အသက်အရွယ် ရနေပြီ ဖြစ်တဲ့သူတွေထက် ရင်းနှီးကျွမ်းဝင်လွယ်တာတော့ အမှန်ပါ။ ဒါကြောင့် ကလေးကို မိခင် ဘာသာ စကားအပြင် အခြားသော ဘာသာစကား တစ်ခုခုကို သင်ကြားပေးမယ်ဆိုရင် အစောဆုံးက ၃ နှစ် နဲ့ ၃ နှစ်မတိုင်ခင်မှာ သင်ကြားပေးရမှာပါ။
နောက်အကျဆုံးအနေနဲ့ကတော့ ၆ နှစ် ဒါမှမဟုတ် ၇ နှစ်မတိုင်ခင်ပါ။ နောက်ကျသွားရင် သင်လို့ မရတာ မဟုတ်ပေမယ့် ကလေးရဲ့ ကျွမ်းကျင်မှုက ငယ်စဉ်မှာ သင်ကြားတာလောက် မကောင်းတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။
မွန်မွန်
Sithuaung 26 Apr 2024 |
ကျွန်တော့မိတ်ဆွေတစ်ယောက်၏ကလေးသည် (၉)နှစ်အရွယ်ရောက်မှ စကားစတင်ပြောဆိုပါသည်။ယခု အသက်(၁၀)ရှိပါပြီ၊ မည်သည့်ကျောင်းမျိုးတွင် အပ်လျှင် အဆင်ပြေနိုင်မည်နည်း၊ ရန်ကုန် မန္တလေးတွင် ကျောင်းများရှိနိုင်မည်လား လမ်းညွှန်ပေးပါခင်ဗျာ ၊